Friday, May 28

✅ အလိုအပ်ဆုံးအရာ

အမေရိကားရှိ တက္ကသိုလ်တစ်ခုမှာ ဖြစ်ပျက်ခဲ့တယ်လို့ ဖတ်ရဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။တစ်ခါက တက္ကသိုလ်တခုတွင် ကျောင်းဆင်းခါနီး ဆရာက ...."ကစားနည်းတခု ကစားရအောင်..ဆရာနဲ့အတူ ဘယ်သူပါဦးမလဲ" ကျောင်းသူတဦး ထရပ်ပြီး စတိတ်စင်ပေါ် တက်လိုက်သည်။ဆရာက "သင်ပုန်းပေါ်မှာ ကိုယ့်နဲ့အရင်းနှီးဆုံး လူ(၂၀)ဦးရဲ့ နာမည်ကို ရေးလိုက်ပါ"သူမက ဆရာပြောသည့်အတိုင်း အိမ်နီးချင်း၊ သူငယ်ချင်း၊ ဆွေမျိုးသားချင်း၊ မိသားစု နာမည်များကို ရေးချလိုက်သည်။ထို့နောက် ဆရာက "အဲဒီ နာမည်တွေထဲက မရှိလဲဖြစ်တယ်၊ မလိုအပ်ဘူးလို့ ထင်တဲ့ နာမည်ကို ဖျက်လိုက်ပါ"အိမ်နီးချင်းတစ်ယောက်၏ နာမည်ကို သူမ ဖျက်လိုက်သည်။" နောက်တစ်ယောက် ထပ်ဖျက်လိုက်ပါဦး"သူငယ်ချင်းတစ်ယောက်၏ နာမည်ကို ဖျက်လိုက်ပြန်သည်။ဆရာပြောတိုင်း သူမက တစ်ယောက်ပြီးတစ်ယောက် ဖျက်လိုက်နှင့် နောက်ဆုံး သင်ပုန်းပေါ်တွင် လူသုံးဦးသာ ကျန်ခဲ့သည်။ ထိုသူများမှာ မိဘ၊ လင်ယောက်ျားနှင့် သားသမီးဖြစ်သည်။ ကျောင်းသားများ အားလုံး စိတ်ဝင်တစား သင်ပုန်းကိုသာ စူးစိုက်ကြည့်နေကြသည်။ စာသင်ခန်း တစ်ခုလုံးမှာ တိတ်ဆိတ်နေပြီး ကစားနည်း တစ်ခု ကစားနေတာနှင့်ပင် မတူတော့ပေ။ ဆရာက တည်ငြိမ်သော အသံဖြင့် နာမည်တစ်ခု ထပ်ဖျက်ခိုင်းပြန်သည်။ သူမမှာ အရွေးရခက်သောဟန်ဖြင့် အကြာကြီး စဉ်းစားပြီးမှ မိဘ ဆိုသည့် နာမည်ကို ကြက်ခြေခတ် ဖျက်ချလိုက်သည်။"နောက်တယောက် ထပ်ဖျက်လိုက်" ဘေးမှ ဆရာ၏ အသံက ထပ်မံ ထွက်လာပြန်သည်။ ဒီတစ်ခေါက် သူမဖျက်ချဖို့ လက်မြှောက်ရာတွင်ပင် အင်အားကုန်ခမ်း နေဟန်တူသည်။ လက်ကို ဖြေးဖြေးချင်း မြှောက်ပြီး သားသမီးဆိုသည့် နာမည်ကို ဖျက်ချသည်နှင့် တစ်ပြိုက်နက် စိတ်ထိခိုက်သော အသံဖြင့် ချုံးပွဲချ ငိုကြွေးလေတော့သည်။ ဆရာက သူမအား နှစ်သိမ့်ပြီး...."ကိုယ့်ရဲ့ အလိုအပ်ဆုံးနဲ့ အရင်းဆုံးလူဟာ မိဘနဲ့ သားသမီး ဖြစ်သင့်ပါတယ်။ မိဘက ကိုယ့်ကို ကြီးပြင်းလာတဲ့အထိ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ သားသမီးက ကိုယ့်ဝမ်းနဲ့ လွယ်ပြီး မွေးထားရတဲ့ သူတွေဖြစ်တယ်။ သူတို့က အစား ပြန်မရနိုင်တဲ့ လူတွေဖြစ်တယ်။ လင်ယောက်ျားက နောက်တစ်ယောက် ထပ်ယူလို့ရပါလျှက်နဲ့ ဘာဖြစ်လို့မဖျက်ဘဲ ချန်ထားခဲ့ရသလဲ" ဟုမေးလေသည်။ ကျောင်းသားများကလည်း သူမ၏ အဖြေကို စိတ်ဝင်တစား စောင့်မျှော်နေကြသည်။သူမက ..."အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားတဲ့အမျှ မိဘတွေက ကျွန်မကို ထားပြီး အရင် ထွက်သွားကြလိမ့်မယ်။ သား သမီးတွေကလဲ ကြီးပြင်းလာရင် ကျွန်မကို ခွဲပြီး သွားကြလိမ့်မယ်။ အဲဒီ အချိန်မှာ ကျွန်မ ဘေးမှာ တသက်လုံး ကူညီ ဖေးမမဲ့ သူဟာ ကျွန်မခင်ပွန်းသာ ဖြစ်ပါတော့မယ်။ ဒါကြောင့်သူ့ကို မဖျက်ဘဲ ချန်ထားခဲ့ရခြင်း ဖြစ်တယ်" ဟု တည်ငြိမ်စွာ ပြန်ဖြေလေသည်။ဘဝမှာ အလိုအပ်ဆုံးလူဟာ ဘယ်သူဖြစ်နိုင်မလဲ...?"အသွားမတော် တလှမ်း၊ အစားမတော် တလုတ်" ဆိုသလို "အယူမတော် တသက်"လို့ရော ပြောလို့ ရနိုင်မလား...ဒါမှမဟုတ်....."အိမ်ထောင်မှု၊ ဘုရားတည်ဆေးမှင်ရည် စုတ်ထိုးဤသုံးမျိုး ချက်မပိုင်လျှင်နောင်ပြင်ရန် ခက်လိမ့်မည် " ဆိုတဲ့ အတိုင်း မြန်မာလူမျိုးတွေ အတွက်တော့ ဆရာပြောသလို မကောင်းရင် နောက်တယောက်ပြောင်းလို့ ဖြစ်ပါ့မလား.. ကျွန်မကို မေးခဲ့ရင် ပြန်ဖြေဖို့ တော်တော်ခက်ပါလိမ့်မယ်။ နောက်ဆုံး အဖြေကို ပိုင်ပိုင်နိုင်နိုင်နဲ့ ဖြေခဲ့တဲ့ အဲဒီ ကျောင်းသူကတောင် မိဘနဲ့ သားသမီးကို ဖျက်တဲ့အချိန်မှာ တုံ့ဆိုင်းနေခဲ့သေးတယ်။ ကျွန်မလိုဖြေဖို့ အဖြေတောင် မရှိတဲ့ လူကတော့ အဲနေရာမှာတင် မူးလဲသွားမလား မပြောတတ်ပါဘူး။အခုတော့ အဖေ့ဘေးမှာ အမေပဲကျန်ပြီး အမေ့ဘေးမှာ အဖေပဲကျန်နေခဲ့တဲ့ လူတွေကိုမေးရင် ဘာများပြန်ဖြေလိမ့်မလဲ......?



C/O PLEASURE & PURPOSE 📚

No comments: